ဖုန်းသုံးရင် ကလေးဉာဏ်ထိုင်းလေမလား
ဒီဘက်ခေတ်မှာ စမတ်ခ်ဖုန်းတွေက ကလေးတွေနဲ့ အတော်လေး ရင်းနှီး ကျွမ်းဝင်လာကြသလို စမတ်ခ်ဖုန်းက ကလေးတွေအတွက် အဖော်လိုတောင် ဖြစ်နေပါပြီ။ ကလေးက အသက်လေး ၃ နှစ်လောက် ရောက်လာပြီဆိုရင် ကလေးငြိမ်အောင် ထမင်းစားအောင်ဆိုပြီး မိဘတွေက ဖုန်းတွေ ပေးသုံးကြရင်းက ကလေးတွေက စမတ်ခ်ဖုန်းတွေ နဲ့ ရင်းနှီးလာတာပါ။
ဒီလိုကနေ အရွယ်လေးရလာတော့ မေမေ ဖုန်းပေးပါ။ ဖေဖေ ဖုန်းထဲက ဂိမ်းဆော့ချင်တယ်တွေ လုပ်လာရော။ ဒီလိုနဲ့ မရရင် ငို။ မိဘတွေကလည်း နားအေး ပြီးရော ဖုန်းပေးသုံးလိုက်ကြပါတယ်။ တကယ်ကတော့ ကလေးတွေကို scrren time ကို ကန့်သတ်ဖို့ လိုသလို စမတ်ခ်ဖုန်းတဲ့ ထိတွေ့မှုကိုလည်း ကန့်သတ်ဖို့ လိုပါမယ်။ အကြောင်းကတော့ စမတ်ခ်ဖုန်းက ကလေးရဲ့ လူမှု ဆက်ဆံရေး၊ သင်ယူနိုင်စွမ်းနဲ့ ကလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်အပေါ်မှာ သက်ရောက်မှုတွေ ရှိနေလို့ပါ။
ကိုဗစ်နောက်ပိုင်း ကလေးတွေက ဖုန်းတွေ လက်ပ်တော့တွေကနေတဆင့် သင်ကြားမှုတွေကို လုပ်လာရတာကြောင့် ဖုန်းတွေ နည်းပညာတွေကို မစိမ်းတော့တာကြောင့် ဖုန်းတွေကို အသုံးပြုချိန်တွေက သိသိသာသာ မြင့်တက်လာသလို ဒီလို ဖုန်းသုံးချိန် ကြာမြင့်မှုကနေ ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုး သက်ရောက်မှုတွေကိုလည်း လျစ်လျူရှု့လို့ မရပါဘူး။
ဖုန်းသုံးရင် ဉာဏ်ထိုင်းမှာလား?
ဖုန်းသုံးရင် ဉာဏ်ထိုင်းမှာလား ဆိုတော့ သုတေသနပြုချက်တွေအရ သိရတာက ဖုန်းက ကလေးတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သလို ကလေရဲ့ သင်ယူလေ့လာနိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။
ဖုန်းအသုံးများတာက ကလေးရဲ့ သင်္ချာနဲ့ သိပ္ပံ သင်ယူနိုင်စွမ်းကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရပါတယ်။ ဖုန်းအသုံးများတဲ့ ကလေးတွေက စာပေလေ့လာမှု အားနည်းပြီး အဆင့်တွေလည်း မကောင်းကြပါဘူး။
ကလေးရဲ့ လေ့လာသင်ယူနိုင်စွမ်းကို ထိခိုက်တာက ကလေးရဲ့ တိုးတက်မှုတွေကိုပါ ထိခိုက်စေမှာပါ။
နောက်ပြီး စမတ်ဖုန်း အသုံးများတာက ကလေးရဲ့ မျက်လုံးကို ထိခိုက်စေပြီး တစ်နေ့ကို ၄ နာရီကနေ ၈ နာရီအကြာ ဖုန်းသုံးတဲ့ ကလေးတွေမှာ အမြင်အာရုံ ထိခို်ကတာ မျက်စိစွေတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် မျက်ရည်ခမ်းတာ၊ အမြင်အာရုံတွေ ဝေဝါးတာ၊ မျက်ရိုးကိုက်တာ၊ ခေါင်းကိုက်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။
ကလေးတွေမှာ စမတ်ခ်ဖုန်း အသုံးများတာက ဖုန်းကနေထွက်တဲ့ လှိုင်းတွေကြောင့် ဦးနှောက်မှာ အကျိတ်ဖြစ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ကလေးတစ်ယောက်က စမတ်ခ်ဖုန်းတွေကို အချိန်အများကြီး သုံးမယ်ဆိုရင်တော့ အိပ်စက်မှုမှာ ထိခိုက်တာတွေကို ခံစားရစေနိုင်ပါတယ်။ ကလေးက အိပ်ရာမဝင်ခင်မှာ ဖုန်းသုံးတာက အိပ်စက်ချိန် နောက်ကျစေသလို ကောင်းကောင်း အိပ်ပျော်ဖို့လည်း ခက်စေပါတယ်။
ကလေးတစ်ယောက်ဟာ ဦးနှောက် ကောင်းစွာဖွံ့ဖြိုးဖို့အတွက် လုံလောက်တဲ့ အိပ်စက်ချိန် ရရှိဖို့ လိုပါမယ်။ ကလေးက အိပ်ရေးမဝတဲ့အခါ အာရုံ စူးစိုက်နိုင်စွမ်း ကျစေပြီး သင်ကြားမှုတွေကို ကောင်းကောင်း လိုက်နိုင်ဖို့ ခက်သွားမှာပါ။
နောက်ဆုံးတစ်ချက် အနေနဲ့ မိဘတွေကို သတိပေးချင်တာက ကလေးက တစ်နေ့ကို စမတ်ခ်ဖုန်း ၁ နာရီထက် ပိုသုံးမယ်ဆိုရင် စိတ်ဓာတ်ကျနိုင်ခြေများသလို စိုးရိမ်စိတ်လွန်ကဲတာ၊ ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှု အားနည်းတာတွေကိုပါ ခံစားရနိုင်ပါတယ်
စမတ်ခ်ဖုန်းသုံးတာက နည်းပညာတွေနဲ့ နီးစပ်စေတာ မှန်ပေမယ့် အရမ်းငယ်သေးတဲ့ ကလေးတွေမှာတော့ ဉာဏ်ထိုင်းစေတာတင်မကဘဲ အမြင်အာရုံ သင်ယူလေ့လာနိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကိုပါ ထိခိုက်စေနိုင်တာကြောင့် ဖေဖေမေမေတို့အနေနဲ့ သတိထားစေချင်ပါတယ်။
မွန်မွန်